အရိုးတွေ ဘာကြောင့် ကျိုးလွယ်ရတာလဲ
သင်သိပါသလား?
သုံး စက္ကန့်တိုင်းမှာ လူတယောက်ဟာ အရိုးကျိုးခြင်း ဝေဒနာကို ခံစားနေရပါတယ်တဲ့……..။
အရိုးကျိုးတာက အရိုးပွတာ၊ အရိုးနာကျင် ကိုက်ခဲတာ၊ အရိုးကိုထိခိုက်မိအပါအဝင် အရိုးဝေဒနာတွေဟာ တစ်ချို့သော ကင်ဆာရောဂါတွေကြောင့် ဖြစ်နိုင်ပေမယ့် အများစုသော အဓိကလက်သည်ကတော့ အရိုးပွခြင်းကြောင့်ဖြစ်ပါတယ်။
အရိုးပွတဲ့အခါ ခန္ဓာကိုယ်ရဲ့ ထောက်တိုင်သဖွယ် ဖြစ်နေတဲ့ အရိုးတွေဟာ အားနည်းလာပြီး အရိုးကျိုးခြင်း Bone Fracture အဆင့်အထိ ဖြစ်နိုင်ပါတယ်။
အရိုးပွခြင်းဆိုတာ ဘာလဲ?
အရိုးထဲမှာ သဘာဝအလျောက် ပါဝင်ဖွဲ့စည်းထားတဲ့
- ရေဓာတ်၊
- ဖော့စဖိတ်ဓာတ်၊
- ကယ်လစီယမ်ဓာတ်၊
- ကော်လာဂျင် စတဲ့ အာဟာရဓာတ်တွေ လျော့နည်းလာတာနဲ့ အမျှ အရိုးရဲ့ သိပ်သည်းဆဟာလဲ တဖြေးဖြေး လျော့နည်းလာနိုင်ပါတယ်။
ဒါကို အရိုးပွခြင်းလို့ ခေါ်ပါတယ်။ အထူးသဖြင့် အသက် (၅၀) နှစ်နှင့်အထက် အမျိုးသမီး (၃) ဦးမှာ (၁) ဦး၊ အမျိုးသား (၅) ဦးမှာ (၁) ဦး ဟာ အရိုးပါး၊အရိုးပွ ရောဂါကြောင့် အရိုးကျိုးခြင်း ဖြစ်နေတာကို တွေ့ရပါတယ်။
အရိုးပွခြင်းနဲ့ အရိုးကျိုးလွယ်ခြင်းတွေက ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်သလဲ?
ဒီလို အရိုးပွတာ၊ ကျိုးလွယ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေက ဘယ်လိုလူတွေမှာ ပိုပြီး အဖြစ်များသလဲဆိုရင်တော့
- သွေးဆုံးပြီးသား အမျိုးသမီးတွေ၊
- မိသားစုမှာ အရိုးပါး၊ အရိုးပွ ရောဂါ မျိုးရိုးရှိသူ၊
- အရက်ဆေးလိပ် အလွန်အကျွံ သုံးစွဲသူ၊
- ကိုယ်လက်လှုပ်ရှားမှု အားနည်းသူ၊
- အာဟာရ မျှတစွာ မစားသုံးသူ၊
- နာတာရှည်ရောဂါရှိသူ၊
- ဆေးဝါးတွေ ကြာရှည်စွာ သုံးစွဲနေရသူတွေနဲ့
- ပုံမှန်ထက်လှုပ်ရှားမှုနည်းပါးသူတွေမှာ အရိုးသိပ်သည်းဆ ပိုအားနည်းတတ်ပြီး အလွယ်တကူ အရိုးကျိုးခြင်းမျိုးတွေ ဖြစ်တတ်ပါတယ်။
အရိုးပွခြင်းကြောင့် အရိုးမကျိုးအောင် ဘယ်လိုကာကွယ်မလဲ?
အကောင်းဆုံးကတော့ အရိုးပါး၊အရိုးပွ ရောဂါ ရှိ၊ မရှိ စောစီးစွာ သိနိုင်ဖို့ ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ အခုဆိုရင် အရိုးသိပ်သည်းဆကို ခေတ်မှီနည်းပညာတွေနဲ့ စစ်ဆေးလို့ ရနေပြီဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်လက်ရှားမှု ပုံမှန်ပြုလုပ်ပေးတာ၊ အာဟာရမျှတစွာ စားသုံးပေးတာမျိုး လိုအပ်ပါတယ်။ အထူးသဖြင့် အရိုးကို ထောက်ပံ့ပေးတဲ့ ကယ်စီယမ်၊ ဗီတာမင် D နဲ့ ကော်လဂျင် ပါဝင်တဲ့ အစိမ်းရောင်အရွက်၊ အသား၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို များများစားပေးသင့်သလို ဖြည့်စွက်စာတွေ လိုအပ်ခဲ့ရင်လဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးပေးနိုင်ပါတယ်။
အရိုးပွခြင်းကြောင့် အရိုးကျိုးတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရေး၊ စိတ်ကျန်းမာရေး၊ ဘဝအရည်အသွေးနဲ့ အမှီအခို ကင်းစွာ လှုပ်ရှားသွားလာနိုင်မှုကို များစွာ ထိခိုက်စေနိုင်သလို မိသားစု၊ အလုပ်အကိုင်နဲ့ လူမှုရေးကိစ္စတွေမှာလဲ လိုအပ်ချက်တွေ ရှိလာနိုင်တာကြောင့် အရိုးပွခြင်းနဲ့ အရိုးကျိုးလွယ်ခြင်းအကြောင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။
လူတိုင်း ကျန်းမာသန်စွမ်းတဲ့ အရိုးများ ပိုင်ဆိုင်နိုင်ကြပါစေ။
ယုဝါ (ဆေးဝါးကျွမ်းကျင်)